ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၇/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့်ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင်-
“အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန် ရှိသူများ အပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊
သယံဇာတလုပ်ငန်းများကို ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ မူဝါဒများနှင့်အညီ အထူးသယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုဖြင့် သယံဇာတလုပ်ငန်းတွေကို သေချာကြပ်မတ်ဆောင်ရွက်လာနိုင်တာ တွေ့ရသလို အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လူအင်အားလည်း ယခုထက်ပိုပြီး လိုအပ်လာမှာဖြစ်ကြောင်း၊
လက်ရှိမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မြို့နယ်များမှာ တာဝန်ပေးအပ်မည့် သယံဇာတ စီမံအုပ်ချုပ်မှုမြိုန့ယ်အဖွဲ့ (TAB-NR) အတွင်းရေးမှူး (၁) ဦးနဲ့ အဖွဲ့ ဝင် (၁) ဦးတို့ကို စိစစ်ရွေးချယ် စေလွှတ်ခန့်အပ်တာတွေ လုပ်ဆောင်နေတာတွေ့ရပါကြောင်း၊ ထို နည်းတူစွာ သက်ဆိုင်ရာ ဒေသတွေအတွက် ပြည်ထောင်စုက စီမံခန့်ခွဲမည့် သယံဇာတလုပ်ငန်းများ အတွက်လည်း လူအင်အား ကြိုတင်စီစဉ်ထားကြဖို့ အထူးမှာကြားလိုပါကြောင်း၊
ပြည်ထောင်စုက စီမံခန့်ခွဲနေတဲ့ သယံဇာတလုပ်ငန်းများနဲ့ မြို့နယ်များမှာ စီမံခန့်ခွဲနေတဲ့လုပ်ငန်းများကိုပါ မူဝါဒလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနဲ့အညီဆောင်ရွက်ကြဖို့ အထူးသတိပေးမှာကြားလိုပါကြောင်း၊
နိဂုံးချုပ်အနေဖြင့် ဝန်ကြီးဌာနများ အားလုံးက မိမိတို့ရည်မှန်းချက်တွေ အမြန်အောင်မြင်အောင် တက်ညီလက်ညီ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါကြောင်း၊ ပြည်ထောင်စုမှရရှိတဲ့ အခွန်ဘဏ္ဍာတွေကို စနစ်တကျစီမံခန့်ခွဲကြဖို့နဲ့ တဘက်တွင်လည်း မြို့နယ် များမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ တာဝန်ရှိသူတွေရဲ့လုပ်နည်းလုပ်ဟန်တွေကို မလွဲမှားရအောင် အားလုံးဝိုင်းဝန်းထိန်းကျောင်းတည့်မတ်သွားကြဖို့တိုက်တွန်းလိုပါကြောင်း” ပြောကြားခဲ့ပါသည်။
ဆက်လက်၍ (၆/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်း ရေးမှူးက တင်ပြခဲ့ပါသည်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၇/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ