အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (International Mountain Day)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ယနေ့ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့” အတွက် ဆောင်ပုဒ်မှာ “သက်ရှိလောက အစာရေစာ၊ နေ့စဉ်ဘဝ အသက်တာ၊ ရေခဲတောင်က မြစ်ဖျားခံလာ၊ တန်ဖိုးထားကာ ထိန်းသိမ်းပါ (Glaciers matter for water, food and livelihoods in mountains and beyond) ဖြစ်သည်။ ကမ္ဘာ့ရေချိုအရင်းမြစ်တစ်ခုအဖြစ် တောင်တန်းဒေသများ၏ အရေးကြီးသည့် အခန်းကဏ္ဍများကို မီးမောင်းထိုးပြထားခြင်းဖြစ်သည့်အပြင် ရေခဲမြစ်များ ပျောက်ကွယ်သွားမှု မရှိစေရး ကာကွယ်ရေးအစီအမံများ ပြုလုပ်ကြရန်အတွက် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
 
အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ကို ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agricultural Organization of United Nations – UN-FAO) က ၂၀၀၃ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်တန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများနှင့် အခက်အခဲများကို မီးမောင်းထိုးပြရန်၊ တောင်တန်းဒေသများ၏ အရေးပါမှုအကြောင်း သိမြင်နိုးကြားမှု မြှင့်တင်ပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ သဘာဝပတ်ဝန်းကျင်နှင့် တောင်ပေါ်နေ သက်ရှိလူသားများပေါ် ကောင်းမွန်သည့် ပြောင်းလဲမှုများ ယူဆောင်လာပေးမည့် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်ရန်တို့အတွက် ဖြစ်သည်။
 
တောင်တန်းဒေသများသည် သဘာဝကပေးသည့် ရတနာများ ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့် မှီခိုရာ အိမ်ဖြစ်သည့်အပြင် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ၏ ထက်ဝက်ခန့် မှီခို ကျက်စားရာနေရာလည်း ဖြစ်သည်။ ၎င်းအပြင် တောင်တန်းဒေသများသည် စွမ်းအင်နှင့် ဆေးဝါးများ ထောက်ပံ့ပေးပြီး ဌာနေတိုင်းရင်းသားများအပါအဝင် လူပေါင်း ၂ ဘီလီယံနီးပါးခန့်သည် ၎င်းတို့၏ နေ့စဉ်ဘဝလိုအပ်ချက်များနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် တောင်တန်းဒေသများမှ ရေကို မှီခိုနေကြရသည်။ ကမ္ဘာ့ရေချိုများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ရေခဲမြစ်များမှ လာပြီး အဆိုပါရေခဲမြစ်များသည် ဂေဟစနစ်များနှင့် လူ့အဖွဲ့အစည်းများအတွက် အသက်သွေးကြောတစ်ခုပင်ဖြစ်သည်။
 
သို့သော် လွန်ခဲ့သည့် ၆ နှစ်အတွင်း ၅ နှစ်ခန့်သည် ရေခဲမြစ်များ အမြန်ဆုံး အရည်ပျော် ပြောင်းလဲမှုများ ဖြစ်ပေါ်သည့် နှစ်များဖြစ်ကြောင်း မှတ်တမ်းများအရ ‌တွေ့ရှိရသည်။ ရေခဲမြစ်ပေါင်း ၆၀၀ ခန့်သည် ပျောက်ကွယ်သွားပြီဖြစ်ပြီး အပူချိန်ဆက်လက်မြင့်တက်နေမည်ဆိုပါက ဆက်လက်ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထိုသို့ ရေခဲမြစ်၊ ရေခဲစိုင်များ လျင်မြန်စွာ အရည်ပျော်ခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ကြီးမားသည့် ပြဿနာရပ်တစ်ရပ်ဖြစ်ရုံသာမက သန်းပေါင်းများစွာသော လူသားများအတွက် သန့်ရှင်းသည့် ရေနှင့် စွမ်းအင်ရရှိမှုတို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများကို ခြိမ်းခြောက်လျက်ရှိနေပါသည်။ ထိုသို့ အရည်ပျော်ကျလာခြင်းသည် မြေပြိုခြင်း၊ မြေဆီလွှာတိုက်စားခြင်းနှင့် နုန်းအနည်နှစ်များ များပြားလာခြင်း၊ ရေခဲမြစ်များမှ ရေကြီးခြင်း၊ မြေပြန့်ဒေသများတွင် နေထိုင်သူများနှင့် တိုက်တာအဆောက်အဦများကို ခြိမ်းခြောက်ခြင်းတို့ကဲ့သို့ ဘေးအန္တရာယ်များကို တိုးပွားလာစေသည်။ ကမ္ဘာ့အပူချိန် မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ် လာသည့် ထိုပြောင်းလဲမှုများသည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပြယုဂ်တစ်ခုဖြစ်သည်။ ကမ္ဘာ့လူသန်းပေါင်း ၁၅ သန်းကျော်ခန့်သည် ရေခဲခြစ်များ အရည်ပျော်ခြင်းမှ ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံဖြစ်ပေါ်သည့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။
 
သို့ဖြစ်ပါ၍ အဆိုပါဘေးအန္တရာယ်များမှ ကင်းဝေးလျော့ပါးစေရေးအတွက် တောင်ပေါ်ရေခဲမြစ်များ အရည်ပျော်ကျမှု၏ အဓိကအကြောင်းရင်းခံဖြစ်သည့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေရန် အစီအမံများကို ပြည်သူလူထုအပြင် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ကို ဂုဏ်ပြုလျက် ရေးသားတင်ပြလိုက်ရပါသည်။
 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ