အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပထမအကြိမ် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခြင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

တက်ရောက်လာသော မန္တလေးတိုင်းလွှတ်‌တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များကိုယ်စား လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှုး ဦးမြင့်အောင်မိုးမှ မန္တလေးတိုင်းအတွင်း မိမိတို့ တော်လှန်ရေးအင်အားစုများမှ စိုးမိုးထိန်းချုပ်ထားသောနေရာများတွင် သယံဇာတ၊ သစ်တော နှင့် ပတ်သက်ပြီး အခွန်၊ ဒဏ်ကြေးများကောက်ခံခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များကို ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် နည်းလမ်းများသိရှိဆောင်ရွက်လိုသည့် အတွက် ယခုလို တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ဦးစွာ ဆွေးနွေးတင်ပြခဲ့ပါသည်။

 

တက်ရောက်လာသော လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များမှ သိလိုသည်များမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် အတွင်းဝန်များမှ ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

 

မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်ဆရာမ ဖွားလေးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၁၅) နာရီတွင် ရပ်နားခဲ့ပါသည်။

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ