ကြေညာချက် (၁/၂၀၂၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ထုတ်ပြန်ကြေညာချက် (၁/၂၀၂၅)

၁၃၈၆ ခု၊ ပြာသိုလဆန်း (၆) ရက်နေ့

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်

ဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာခြင်း

၁။   စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ (၁၄:၀၀) နာရီခန့်အချိန်တွင် ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာနှင့် ရှမ်းကလုံးကျေးရွာအစပ် ရွှေတွင်း ကျေးရွာမှ (၂) ဖာလုံခန့် အကွာတွင် မတရားသဖြင့် လုပ်ကြံခံခဲ့ရပါသည်။

၂။   ကောလင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ ကျဆုံးခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးမဖြတ်နိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးကို ဆုံးရှုံးရပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ လွန်စွာကြေကွဲဝမ်းနည်းရပါသည်။

၃။   အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဝန်ကြီးဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်း၍ ဖြစ်စဉ်အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများ အားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

၄။   အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုး အတွက် ကိုယ်ကျိုးမဖက်ဘဲ တိကျသေချာမှု၊ စနစ်ကျမှု၊ အဂတိကင်းမှု အစရှိသည့် တန်ဖိုး များစွာဖြင့် ဆောင်ရွက်နေသူ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာအား ယခုကဲ့သို့ တရားလက်လွတ် လုပ်ကြံခံရမှုအတွက် မည်သည့်လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်/ တစ်စုတစ်ဖွဲ့ကဖြစ်စေ ကျူးလွန်ခြင်းကို ကန့်ကွက်ရှုတ်ချပြီး ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ