“ငြိမ်းချမ်းရေးအတွက် ရေအရင်းအမြစ်”
သန့်ရှင်းသော သောက်သုံးရေများကို သုံးစွဲခွင့်သည် လူ့အခွင့်အရေးတစ်ခုဖြစ်သည်။ သို့သော် လူပေါင်း ၂.၂ ဘီလီယံခန့်သည် သန့်ရှင်း၍ စိတ်ချရသော သောက်သုံးရေများကို သုံးစွဲခွင့်မရဘဲ ၎င်းတို့၏ လူမှုဘဝများကို ဖြတ်သန်းနေထိုင်နေကြရသည်။ ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်သည် အနည်းဆုံး နှစ်တစ်နှစ်၏ အချိန်အပိုင်းအခြားတစ်ခုတွင် အလွန်အမင်း ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရသည်။ ရေနှင့်ဆက်စပ်သည့် ဘေးဒဏ်များသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်အတွင်း သဘာဝဘေးဒဏ်စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိပြီး သဘာဝဘေးဒဏ်ကြောင့် သေဆုံးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်ခန့်ရှိသည်။
ရေအရင်းအမြစ်သည် ရာသီဥတု၊ လူမှုဘဝနှင့် ပတ်ဝန်းကျင်အကြား အရေးကြီးသည့် ဆက်နွယ်ချက်တစ်ခုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေစွာရှိစေရေး အဓိကဗဟိုချက်တစ်ခုဖြစ်သည်။ လူဦးရေတိုးပွားလာသည်နှင့်အမျှ ရေအရင်းအမြစ်သည် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းနှင့် ဆင်းရဲခြင်းတို့ကို တိုက်ဖျက်ရန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်။ ထို့ပြင် လူသားများ၏ ကျန်းမာရေးနှင့် ပိုင်ဆိုင်မှုများ၊ အစားအစာနှင့် စွမ်းအင်စနစ်များ၊ စီးပွားရေးဖြစ်ထွန်းမှုများနှင့် ပတ်ဝန်းကျင်ဖြစ်တည်မှုတို့သည် ကောင်းမွန်စွာ စီမံခန့်ခွဲထားသည့် ရေအရင်းအမြစ်များအပေါ်တွင် များစွာမူတည်နေသည်။ ထိုသို့ စီမံခန့်ခွဲမှုများ မရှိပါက ရေကိုအမှီပြုနေရသည့် ကဏ္ဍများတွင် ရေလိုအပ်ချက်များလာမှုကြောင့် အမျိုးမျိုးသော ရေအရင်းအမြစ်ဆိုင်ရာ ကပ်ဘေးများ ကြုံတွေ့နိုင်ပြီး ကဏ္ဍများအကြား ယှဉ်ပြိုင်သုံးစွဲမှုများ တိုးပွားလာနိုင်သည်။ ထို့ကြောင့် နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှု၊ ရွှေ့ပြောင်းလုပ်ကိုင်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို ဖြေရှင်းဆောင်ရွက်သောအခါ ၎င်းတို့၏ စီမံချက်များတွင် ရေအရင်းအမြစ်သုံးစွဲမှုများကို ထည့်သွင်းစဉ်းစား၍ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်သည်။ ထို့ပြင် လူဦးရေတိုးပွားလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့၏ သက်ရောက်မှုများ များပြားလာခြင်းတို့ကြောင့် မိမိတို့၏ အဖိုးတန်သယံဇာတအရင်းအမြစ်များကို နိုင်ငံများအကြားနှင့် နိုင်ငံတွင်းရှိ ပြည်သူများမှ ပူးပေါင်းထိန်းသိမ်းကာကွယ်သွားကြရန် လိုအပ်လျက်ရှိသည်။ နိုင်ငံတကာအဆင့် ဆောင်ရွက်သော ကုလသမဂ္ဂဆိုင်ရာ ကွန်ဗင်းရှင်းများမှသည် ဒေသန္တရအဆင့် ဆောင် ရွက်ချက်များအထိ ရေအရင်းအမြစ်ကို မျှတစွာနှင့် စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေး ပူးပေါင်းထိန်းသိမ်းဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာနိုင်မည် ဖြစ်သည်။
ထိုသို့ ရေ၏ တန်ဖိုးနှင့် ရေသယံဇာတပူးပေါင်းထိန်းသိမ်းခြင်း၏ အရေးပါသည့် အခန်းကဏ္ဍများကို အသိအမှတ်ပြုသောအားဖြင့် မတ်လ (၂၂) ရက်နေ့တိုင်းကို ကမ္ဘာ့ရေအရင်းအမြစ်များနေ့အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရေအရင်းအမြစ်များနေ့၏ ဆောင်ပုဒ်သည် “ငြိမ်းချမ်းရေးအတွက် ရေအရင်းအမြစ် (Water for Peace)” ဖြစ်သည်။ ယင်းဆောင်ပုဒ်သည် ပိုမိုတည်ငြိမ် ကောင်းမွန်သည့် နေ့ရက်များကို ပိုင်ဆိုင်စေရန်၊ ရေအရင်းအမြစ်ကို အခြေပြုပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ကြုံတွေ့နေရသည့် ရေအရင်းအမြစ်ဆိုင်ရာကပ်ဘေးများကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းရန်တို့အတွက် ရည်ရွယ်ဖော်ထုတ်ထားခြင်းဖြစ်သည်။
ရေအရင်းအမြစ်များ ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေးကို ဖန်တီးနိုင်သကဲ့သို့ ပဋိပက္ခများကိုလည်း ပပျောက်လျော့နည်းသွားစေနိုင်သည်။ ရေရှားပါးခြင်း၊ ရေထုညစ်ညမ်းခြင်းတို့ ဖြစ်ပေါ်သောအခါ လူသားများအကြား တန်းတူညီမျှစွာ သုံးစွဲခွင့်မရမှု ဖြစ်လာနိုင်ပြီး ထို့မှတဆင့် အဖွဲ့အစည်းများနှင့် နိုင်ငံများအကြား အားပြိုင်မှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ရေအရင်းအမြစ်များကို ပူးပေါင်းစီမံ ထိန်းသိမ်းခြင်းဖြင့် လူသားတိုင်း၏ ရေလိုအပ်ချက်များကို မျှတစွာ ရရှိစေပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းစေသည်။
ကမ္ဘာ့ရေချိုစီးဆင်းမှု၏ ၆၀ ရာခိုင်နှုန်းခန့်သည် နယ်နိမိတ်ဖြတ်ကျော်စီးဆင်းသည့် ရေများဖြစ်ပြီး ကမ္ဘာပေါ်ရှိ လူပေါင်း ၃ ဘီလီယံကျော်ခန့်သည် ယင်းရေအရင်းအမြစ်များအပေါ်တွင် မှီခိုနေကြသည်။ အစီရင်ခံစာများအရ နိုင်ငံပေါင်း ၂၄ နိုင်ငံကသာလျှင် အဆိုပါရေအရင်းအမြစ်များကို မျှဝေသုံးစွဲရန်အတွက် သဘောတူညီချက်များ ထားရှိကြကြောင်း သိရှိရသည်။ သောက်သုံးရေ၊ စွမ်းအင်၊ အစားအစာနှင့် စက်ရုံ စသည်တို့အတွက် ဒေသအဆင့်နှင့် နိုင်ငံ အဆင့်ရှိ ရေအသုံးပြုသူများသည် ရေသယံဇာတများကို ပူးပေါင်းစီမံခန့်ခွဲသည့် နည်းလမ်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် လူသားများ၏ လူ့အခွင့်အရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် စီးပွားရေးကို မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော်စီးဆင်းသည့် ရေအရင်းအမြစ်များကို ပူးပေါင်းစီမံခန့်ခွဲခြင်းသည် ငြိမ်းချမ်းရေးအတွက် အရေးပါသောကြောင့် နိုင်ငံအသီးသီးမှ အစိုးရများသည် နှစ်နိုင်ငံအကြားဖြစ်စေ၊ ဒေသအဆင့်ဖြစ်စေ၊ ကမ္ဘာအဆင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြရမည်ဖြစ်သည်။
တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ရေကို အလေအလွင့်မဖြစ်စေရေး ပိုမိုဂရုစိုက်စွာ အသုံးပြု ရန်၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်စပ်ပတ်သက်သူများအနေဖြင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းရာတွင် ထားရှိသည့် ကတိကဝတ်များနှင့် လုပ်ငန်းတာဝန် များကို တာဝန်ရှိမှု၊ တာဝန်သိမှုအပြည့်ဖြင့် ဆောင်ရွက်ရန်၊ ရေသယံဇာတများနှင့် ဂေဟစနစ် များကို ဥပဒေအရ ကာကွယ်သွားကြရန် လိုအပ်ပြီး လူသားအားလုံးက ရေအရင်းအမြစ်များကို ပူးပေါင်းထိန်းသိမ်းသွားကြရန်နှင့် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံဖြတ်ကျော်စီးဆင်း၍ အိမ်နီးချင်းနိုင်ငံများနှင့် မျှဝေအသုံးပြုရသည့် ရေချိုအရင်းအမြစ်များ၊ နိုင်ငံအတွင်း ပျံ့နှံ့စီးဆင်းနေသည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ ပေါများစွာ ပိုင်ဆိုင်ထားရာ ယင်းတို့ကို နိုင်ငံများအကြားနှင့် နိုင်ငံတွင်းရှိ ပြည်သူများအကြား ရေသုံးစွဲမှုတွင် ပဋိပက္ခမဖြစ်ပေါ်စေရေးနှင့် စဉ်ဆက်မပြတ် သုံးစွဲနိုင်ရေးတို့အတွက် ပူးပေါင်း ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ မိမိတို့ တစ်ဦးတစ်ယောက်ချင်းမှ အစပြု၍ ရေကို အလေအလွင့် မဖြစ်စေရေး အသုံးပြုကြရန် လိုအပ်ပါကြောင်း ကမ္ဘာ့ရေအရင်းအမြစ်များနေ့ကို မှတ်တမ်းတင်ဂုဏ်ပြုခြင်းအားဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
