ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၂ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၄) အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်-

“ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အတွင်းဝန်များနှင့် ရုံးအဖွဲ့သားများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းမင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊

ဒီနေ့ကျင်းပတဲ့အစည်းအဝေးဟာ ၂၀၂၄ ခုနှစ်မှာ သစ်တောကဏ္ဍစီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးဖြစ်ပါကြောင်း၊ တော်လှန်ရေးအဆုံးအဖြတ်အတွက် ပိုပြီး အားစိုက်ဆောင်ရွက်နေကြတဲ့ ဒီနှစ်မှာ အုပ်ချုပ်ရေးထူထောင်မှုလုပ်ငန်းများနဲ့အတူ သယံဇာတ ကဏ္ဍမှာ အရေးကြီးတဲ့ လုပ်ငန်းတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် ယခု ကဲ့သို့ အရေးပေါ် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊

စီမံအုပ်ချုပ်မှုများဆောင်ရွက်ကြတဲ့အခါ ချမှတ်ထားတဲ့ မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ တစ်ဖက်မှာလည်း တော်လှန်ရေး လိုအပ်ချက်များနှင့်အညီ မြေပြင်မှာ အချိန်နှင့် တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ အထူးပဲ အရေးကြီးတာကိုတွေ့ရပါကြောင်း၊

အခုလို ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရန်မှာ အထူးသယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့များ နှင့်  မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့များအကြား အပြန်အလှန် နားလည်မှုရှိရှိနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအထူးအရေးကြီးပါကြောင်း၊  ရှင်းလင်းပြတ်သားတဲ့ မူဝါဒနှင့် လိုက်နာရလွယ်ကူတဲ့ လုပ်ထုံးလုပ်နည်းများနဲ့ တာဝန်ခွဲဝေမှုမျိုးကျင့်သုံးကြဖို့ အဓိကကျကြောင်း၊

မြေပြင်မှာ သယံဇာတများ လေလွင့်ဆုံးရှုုံးမှု အနည်းဆုံးဖြစ်စေရန်နှင့် မြို့နယ်အဆင့်မှာ လိုက်နာဆောင်ရွက်ရလွယ်ကူစေရေး ယနေ့တင်ပြဆွေးနွေးကြမယ့် အစီအစဉ်တွေကို အခြေခံပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် ဘက်စုံက စဉ်းစားပြီး ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြရမှာ ဖြစ်ပါကြောင်း၊

နိဂုံးချုပ်အနေနဲ့ မိမိတို့လုပ်ဆောင်ချက်တိုင်းသည် တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိကဦးတည်တာဖြစ်လို့ အားလုံးရဲရဲဝံ့ဝံ့နဲ့ ဆုံးဖြတ်ချက်ချကာ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့ အင်မတန် အရေးကြီးပါကြောင်း၊ တော်လှန်ရေးအတွက် လိုအပ်တဲ့ပံ့ပိုးမှုမှန်သမျှ မဖြစ်မနေဖြည့်ဆည်းပေးကြဖို့ ဝန်ကြီးဌာနအားလုံးကို တိုက်တွန်းပြောကြားခဲ့ပါသည်။”

ဆက်လက်၍ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။

သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍
တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက်
မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ