“၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် “သက်ရှိမြေကမ္ဘာ ရှင်သန်ရေး အိုဇုန်းလွှာကို ပူးပေါင်းကာကွယ်ပေး” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့ (သောကြာနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပခဲ့ပါသည်။

တော်လှန်ပြည်သူများအနေဖြင့် လူသားတို့ရှင်သန်ရပ်တည်ရေးအတွက် အကျိုးပြုနေသည့် အိုဇုန်းလွှာ၏ အရေးပါမှုကိုသိရှိစေရန်၊ စစ်ကောင်စီ၏ အာဏာသိမ်း ရက်စက်ကြမ်းကြုတ်မှု အောက်တွင် သဘာဝပတ်ဝန်းကျင် တစ်ရပ်လုံးနှင့် အိုဇုန်းလွှာကို ပိုမိုပျက်စီးယိုယွင်းသည့် အခြေအနေများသို့ ဦးတည်နေမှုကို ပိုမိုသိရှိလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသူရထွန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး တို့က ဆွေးနွေးပြောကြားခဲ့ပြီး Moderator အဖြစ် PVTV အစီအစဥ် တင်ဆက်သူ၊  ကလေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် မသန့်ဝေကျော်မှ ပါဝင်အားဖြည့်ခဲ့ပါသည်။

ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Public Voice TelevisionRadio NUG နှင့် မသန့်ဝေ‌ကျော် Facebook စာမျက်နှာတို့တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါသည်။