ကမ္ဘာ့ရေကန်များနေ့ (World Lake Day)

ကမ္ဘာ့မြေမျက်နှာပြင်ရှိ ရေချိုအရင်းအမြစ်များ၏ ၉၀% ကျော်ခန့်သည် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ရေကန်များ၊ အင်း/အိုင်များ၊ လူသားများ ဖန်တီးထားသည့် ရေကန်များ၊ ဆည်နှင့် တာတမံများတွင် တည်ရှိနေပါသည်။ ရေကန်များသည် လူသားများအတွက်သာမက သားငှက်တိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်အတွက်ပါ အဓိကကျသည့် အရေးကြီးဆုံးသော သဘာဝသယံဇာတအရင်းအမြစ်များအနက်တစ်ခုဖြစ်ပါသည်။ ထို့အတွက် ရေကန်များ၏ အရေးပါမှုကို “Lakes: the lifeblood of our planet” “ရေကန်များသည် ကမ္ဘာကြီး၏ အသက်သွေးကြောပင်ဖြစ်သည်” ဟူသော ဆောင်ပုဒ်ဖြင့် တင်စားဖော်ကျူးနိုင်ပါသည်။
ရေကန်များသည် အခရာကျသော ကမ္ဘာ့ရေချိုအရင်းအမြစ်တခုဖြစ်ပြီး သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် စက်ရုံများအတွက် လိုအပ်သည့် ရေအရင်းအမြစ်များကို ထောက်ပံ့ပေးခြင်း၊ လူသားများ အနားယူအပန်းဖြေနိုင်စေရန် သဘာဝမြေယာရှုခင်းအလှအပများနှင့် စီးပွားရေး အခွင့်အလမ်းများဖြစ်သည့် ခရီးသွားလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများနှင့် အခြားသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ပံ့ပိုးပေးထားခြင်း၊ မရေမတွက်နိုင်သော ငါးမျိုးစိတ်များ၊ အပင်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် ကျက်စားဒေသတခုအဖြစ် ဖန်တီးပေးခြင်း၊ ယင်းတို့အပြင် ကာဗွန်သိုလှောင်ပေးခြင်း၊ ရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေနိုင်သည့် ရေများကို စုပ်ယူပေးခြင်းနှင့် ကမ္ဘာမြေကြီးအား အေးမြစေခြင်းဖြင့် ရာသီဥတု တည်ငြိမ်မျှတစေရန် ထိန်းညှိပေးခြင်း စသည့် အကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးလျက်ရှိပါသည်။
သို့သော် ရာသီဥတုပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် ရေအလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းတို့သည် ရေကန်များအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေပါသည်။ ကမ္ဘာပေါ်ရှိ စွန့်ပစ်ရေဆိုးများ၏ ၈၀%ခန့်သည် ပြန်လည်သန့်စင်ထားခြင်းမရှိဘဲ သဘာဝရေအရင်းမြစ်များ (ရေထု)အတွင်းသို့ ဝင်ရောက်လျက်ရှိသည်ဟု ခန့်မှန်းထားသည်။ မြစ်ချောင်းများမှတဆင့် ရေကန်များအတွင်းသို့ ဓာတ်မြေဩဇာများ၊ စွန့်ပစ်ပစ္စည်းများနှင့် နုန်းအနည်အနှစ်များ စီးဝင်လာခြင်းတို့သည် ရေကန်များကို ညစ်ညမ်းသွားစေနိုင်ပြီး နောက်ဆက်တွဲရလဒ်အဖြစ် မကြာခဏ ရေကြီးခြင်းနှင့် ကမ္ဘာကြီးပူနွေးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဓါတ်မြေဩဇာများတွင် ပါဝင်သော နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ် ကဲ့သို့သော အာဟာရဓါတ်များသည် မိုးရေတွင် ပျော်ဝင်ကာ ရေစီးကြောင်း/ ရေလမ်းကြောင်းများမှတဆင့် ရေကန်များအတွင်း ဝင်ရောက်လျက်ရှိပြီး ရေအတွင်းရှိ သက်ရှိများကို သေကြေပျက်စီးစေနိုင်သည့် ရေညှိရေမှော် အဆမတန် ပေါက်ပွားမှုကို ဖြစ်စေနိုင်ပါသည်။ ယင်းသို့ ပေါက်ပွားမှုဖြစ်စဉ်သည် (၂၀၅၀) ပြည့်နှစ်တွင် ကမ္ဘာလုံးအတိုင်းအတာဖြင့် အနည်းဆုံး (၂၀%) ထိတိုးမြင့်လာမည်ဟု ခန့်မှန်းတွက်ချက်ထားပါသည်။ ထို့ပြင် အပူချိန်မြင့်တက်ခြင်းနှင့် တိမ်ဖုံးလွှမ်းမှု အပြောင်းအလဲများခြင်းတို့သည်လည်း ရေခဲဖုံးလွှမ်းမှုကို လျော့ကျစေပြီး ရေငွေ့ပျံနှုန်းကို ပိုမိုမြင့်တက်လာစေကာ ရေမျက်နှာပြင် အတက်အကျများ ဖြစ်ပေါ်၍ ရေကန်တွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်အပေါ် ဆိုးကျိုး သက်ရောက်စေပါသည်။
ကမ္ဘာ့နိုင်ငံများ၏ တစ်ဝက်ခန့်တွင် မြစ်ချောင်းများ၊ ရေကန်များ ပါဝင်နေသည့် ရေချိုဂေဟစနစ် အမျိုးအစားများသည် ယိုယွင်းဆုတ်ယုတ်လျက်ရှိနေပါသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များ (Sustainable Development Goals) ၏ ပန်းတိုင် ၆.၆ အရ ရေကန်များသည် ကာကွယ်ခြင်းနှင့် ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရ မည့် ဂေဟစနစ်များအနက် တခုအပါအဝင်ဖြစ်သည့်အပြင် ရေကန်များ၏ အရည်အသွေးနှင့် ပမာဏ အပါအဝင် ရေကန်ပတ်ဝန်းကျင်ရှိ အခြေအနေများသည် ကမ္ဘာတစ်ဝှမ်းတွင် ပြင်းထန်စွာ ဆိုးရွားလာနေသည့်အတွက် ၎င်းတို့ကို ရေရှည်တည်တံ့စေရေး ချက်ချင်းဖြေရှင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် အထွေထွေညီလာခံ၌ နှစ်စဉ် ဩဂုတ်လ ၂၇ ရက်နေ့ကို “ကမ္ဘာ့ရေကန်များနေ့” အဖြစ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ကမ္ဘာ့ရေကန်များနေ့အဖြစ် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပသွားကြမည်ဖြစ်ပါသည်။ အဆိုပါအထိမ်းအမှတ်နေ့ ကျင်းပခြင်းသည် ရေကန်များ၌ ဖြစ်ပေါ်ကြုံတွေ့နေရသည့် ပြဿနာများ၊ ရေကန်များ၏ တန်ဖိုးနှင့် ၎င်းတို့၏ အရေးကြီးသည့် အခန်းကဏ္ဍများကို သိမြင်နိုးကြားမှု မြင့်တက်လာစေရန်၊ ရေကန်နှင့် ဆက်စပ်သည့် ဂေဟစနစ်များကို ရေရှည်တည်တံ့စေရေး စီမံခန့်ခွဲအုပ်ချုပ်ခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အသိပညာများ ရရှိစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိ ရေကန်များသည် ခြိမ်းခြောက်မှုမျိုးစုံနှင့် ကြုံတွေ့နေရသကဲ့သို့ မြန်မာနိုင်ငံရှိ ရေကန်များသည်လည်း ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းမှတဆင့် ရေကန်များ ညစ်ညမ်းခြင်း၊ ရေအလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိနေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူ/သားများသည်လည်း လူသားများအတွက်သာမက သားငှက်တိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် ရေကန်များ၏ အရေးပါမှုကို သိရှိပြီး ရေကန်များနှင့် ၎င်းတို့၏ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုမရှိရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ကြပါရန် အသိပညာများ ဖြန့်ဝေ၍ နှိုးဆော်လိုက်ရပါသည်။
 
ကိုးကား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ