အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (International Mountain Day)

နိဒါန်း

တောင်စဉ်တောင်တန်းများသည် ကမ္ဘာကုန်းမြေပြင်၏ (၂၀%) ကျော်ရှိကြောင်းနှင့် လူဦးရေ တစ် ဘီလျံကျော် နေထိုင်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ တရားဝင်မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Mountain Partnarship ၏ ထုတ်ပြန်ချက်အရ တောင်တန်းများသည် ကမ္ဘာမြေအတွက် ရေချိုအရင်းအမြစ်အားလုံး၏ (၆၀-၈၀) % ကို ဖြည့် ဆည်းပေးနေသည့် ကမ္ဘာ့ရေစင်ကြီးများ(Water Tower) ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့် သည် အသက်ရှင်သန်နေထိုင်ရန်အတွက် ရေချိုအရင်းအမြစ်သာမက အစားအစာနှင့် သန့်ရှင်း သော စွမ်းအင်များပါ ရရှိရေး တောင်ပေါ်ဂေဟစနစ်ဝန်ဆောင်မှုများပေါ်တွင် မှီခိုနေပါသည်။ ထို့အပြင် မတူကွဲပြားသော ဘာသာစကားများနှင့် မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ စုံလင်စွာရှိသည့် ဒေသခံပြည်သူများ နေထိုင်ရာဒေသများလည်းဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာတောင်တန်းများနေ့

၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေ ညီလာခံက ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံးနှင့် ဂေဟစနစ်များ ရှင်သန်ရပ်တည်နိုင်ရေးတွင် တောင်တန်း များ၏ အဓိကအရေးပါမှုကို သိရှိစေပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အခွင့်အလမ်း နှင့် ကန့်သတ်ချက်များကို နားလည်နိုင်ရန်၊ ယင်းဒေသများ၏ ပတ်ဝန်းကျင်ဂေဟစနစ်နှင့် ဌာနေတိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်းပေးမည့် မဟာမိတ်အဖွဲ့များ တည်ဆောက်နိုင်ရန်တို့အတွက် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့ကို ပထမဦးဆုံး အပြည်ပြည် ဆိုင်ရာ တောင်တန်းများနေ့ (International Mountain Day-IMD) အဖြစ် စတင်သတ်မှတ် ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂ အဖွဲ့ဝင် (၁၉၃) နိုင်ငံက ၂၀၁၅ မှ ၂၀၃၀ ခုနှစ်အထိ အကောင်အထည်ဖော်ရန် ချမှတ်ထားသည့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် ၁၇-ခု အနက် ပန်းတိုင်-၁၅ (Sustainable Development Goal-15, Life on Land) ဖြစ်သော ကမ္ဘာလုံးဆိုင်ရာဂေဟစနစ်အား ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့ အောင် အသုံးပြုရေး၊ သစ်တောများရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်ရေးနှင့် ကန္တာရများ ဖြစ် ထွန်းမှု ပပျောက်စေရေး၊ မြေယာပြုန်းတီး ယိုယွင်းပျက်စီးမှုများ ရပ်တံ့စေရေးနှင့် ဇီဝမျိုးကွဲများ ပြုန်းတီးမှု ရပ်တံ့စေရေး စသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်လည်း ဖြစ်ပါသည်။

ယခု ၂၀၂၄ ခုနှစ် တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့၏ ဆောင်ပုဒ်မှာ “တောင်တန်းတွေမှာအဖြေရှာ ဆန်းသစ်တည်တံ့ အနာဂတ်ဟာ လူငယ်တွေရဲ့လက်ထဲမှာ-Mountain solutions for a sustainable future – innovation, adaptation and youth” ဖြစ်ပါသည်။ အဆိုပါ ဆောင်ပုဒ်နှင့်အညီ တောင်တန်းဒေသများ၏ အခက်အခဲ၊စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဆန်းသစ်သော နည်းလမ်းများ ရှာဖွေအသုံးပြုခြင်း၊ ပြောင်းလဲနေသောအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စွာ နေထိုင်ခြင်းနှင့် တောင်တန်းဒေသများ ရေရှည်တည်တံ့အောင် ကြိုပမ်းဆောင်ရွက်ရာတွင် လူငယ်များအား စွမ်းဆောင်ရည် မြှင့်တင်ပေး၍ ပါဝင်လာစေခြင်းတို့ကို ဦးတည်ထားရှိပါသည်။

တောင်တန်းဒေသများရှိ ဌာနေတိုင်းရင်းသားများနှင့် ယင်းဒေသအပေါ်ခြိမ်းခြောက်မှုများ

တောင်တန်းဒေသများတွင် နေထိုင်လျက်ရှိသော ဌာနေတိုင်းရင်းသားများသည် မိရိုးဖလာ အသိ ပညာများ (Indigenous Knowledge) ဖြင့် ဂေဟစနစ် အခြေပြုချဉ်းကပ်နည်းများ (Ecosystem-base Approaches and Nature-based Solutions) ကို အသုံးချ၍ ရာသီဥတု ပြောင်းလဲမှုကို လိုက်လျောညီထွေ ကြံ့ကြံ့ခံနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ် စေရေး၊ ဆင်းရဲမွဲတေမှုကို လျှော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးနှင့် သဘာဝ ဘေးအန္တရာယ် လျော့ပါးစေရေး စသည်တို့ကို ရင်ဆိုင်ကျော်လွှား အကောင်အထည်ဖော်လျက်ရှိ ပါသည်။ ယခုအခါ လူတို့ပြုလုပ်သော မိုက်ခရို ပလတ်စတစ်များ အပါအဝင် ညစ်ညမ်းမှုမျိုးစုံ၊ ရာသီဥတု ပြောင်းလဲမှု၏ နောက်ဆက်တွဲ သက်ရောက်မှုများနှင့် လူမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အတွက် ရေရှည်တည်တံ့မှုကို ထိခိုက်စေသည့် အလွန်အကျွံ သယံဇာတ ထုတ်ယူသုံးစွဲခြင်းများကြောင့် တောင်တန်းများ၏ တည်ရှိမှုနှင့် ဝန်ဆောင်မှုများကို ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျက် ရှိနေပါသည်။

မြန်မာနိုင်ငံရှိ တောင်တန်းများ ဖြစ်တည်မှု၊ အကျိုးကျေးဇူးနှင့် ခြိမ်းခြောက်မှုများ

ဖြစ်တည်မှုနှင့် အကျိုးကျေးဇူးများ

မြန်မာနိုင်ငံသည် ကြီးမားသော တောင်စဉ်တောင်တန်းများက ဝန်းရံထားပြီး နိုင်ငံ၏ ၅၇ ရာခိုင် နှုန်းကို တောင်တန်းဒေသများဖြင့် ဖုံးလွှမ်းကာ သဘာဝတရားများဖြင့် လှပသော အသွင်ရှိသည့် နိုင်ငံတစ် နိုင်ငံဖြစ်ပါသည်။ မြောက်ဘက်ပိုင်းရှိ ကချင်ပြည်နယ်သည် ဟိမဝန္တာတောင်၏ အရှေ့ ဘက်ခြမ်းနှင့် ဆက်စပ်လျက်ရှိပြီး ခါကာဘိုရာဇီတောင် တည်ရှိပါသည်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အရှေ့တီမော အပါအဝင်) ၁၀- နိုင်ငံတွင် ခါကာဘိုရာဇီတောင်သည် အမြင့် ဆုံးတောင် (၅၅၈၁ မီတာ) ဖြစ်ပါသည်။ အနောက်ဘက်တွင် နာဂတောင်တန်း၊ ချင်းတောင် တန်းနှင့် ရခိုင်ရိုးမ တည်ရှိပြီး အရှေ့ဘက်တွင် ရှမ်းကုန်းမြေမြင့် (Plateau)နှင့် အရှေ့တောင် ဘက်တွင် ကယား (ကရင်နီ)နှင့် ကရင် (ကော်သူးလေ) ဒေါနတောင်တန်း၊ အလယ်ပိုင်း လွင်ပြင်တွင် ပဲခူးရိုးမ၊ တောင်ဘက်တွင် မွန် နှင့် တနင်္သာရီတောင်တန်းများသည် မြောက်မှ တောင်သို့ အစဉ်လိုက်တည်ရှိနေပါသည်။ ယင်းကဲ့သို့ တောင်တန်းများတည်ရှိမှုကြောင့် (၁) မြောက်ပိုင်း တောင်ကုန်းမြင့်များ၊ (၂) အနောက်ဘက် တောင်တန်းနယ်မြေများ၊ (၃) အလယ် ပိုင်း မြစ်ဝှမ်းနှင့် မြေနိမ့်ပိုင်းများ၊ (၄) အရှေ့ဘက်ရှမ်းကုန်း မြေမြင့် နှင့် (၅) ကမ်းရိုးတန်းလွင်ပြင် ဟူ၍ မတူညီသော သဘာဝ ရူပ ရေမြေ အနေအထား ၅-ခု ကို ဖန်တီးပေးထားပါသည်။

အဆိုပါ တောင်တန်းများ မြောက်ဘက်မှ တောင်ဘက်သို့ စနစ်တကျ နိမ့်ဆင်းသွယ်တန်း တည်ရှိမှုကြောင့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် (တိဘက် ကုန်းမြေမြင့်မှ အစပြု သည်) အစရှိသည့် အဓိက မြစ်များနှင့် အခြားသော မြစ်ချောင်း အင်းအိုင်တို့ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံတောင်ဘက်ရှိ ကပ္ပလီပင်လယ်သို့ မတူညီသော နေရာများမှတဆင့် စီးဆင်း ဝင်ရောက်ကြပြီး နိုင်ငံတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအတွက် အဓိကအားဖြင့် စိုက်ပျိုးရေးနှင့် ရေချိုသယံဇာတ၊ ငါးနှင့်ရေထွက်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးအပြင် ရေအားလျှပ်စစ်ထုတ်လုပ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွားကို ရရှိစေပါသည်။ မြန်မာ့ တောင်တန်းများတွင် သက်ရင့်အသွင်ပြောင်းကျောက်များကို ရှမ်းကုန်းပြင်မြင့်တွင် လည်း ကောင်း၊ အနည်ကျကျောက်များဖြစ်သည့် သဲကျောက်နှင့်ထုံးကျောက်များကို အနောက်ဘက် တောင်တန်းများ (ရခိုင်ရိုးမ) တွင် လည်းကောင်း၊ မီးသင့်ကျောက်များကို မြောက်ပိုင်းဒေသများနှင့် မြန်မာနိုင်ငံနေရာ အနှံ့အပြား၌လည်းကောင်း တွေ့ရှိရပါသည်။ ကျောက်စိမ်း၊ ပတ္တမြား၊ ရွှေ၊ ခဲ၊ သံဖြူ၊ သွပ် နှင့် အခြား အဖိုးတန် သတ္တုမျိုးစုံလည်း ထွက်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အဓိက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တောင်တန်းအသီးသီးအပေါ်၌ အမှီသဟဲပြု နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ အထွတ်အမြတ်ထားရာနေရာများဖြစ်ပြီး ငွေကြေး ဖြင့် တန်ဖိုးဖြတ်၍ မရသော ဌာနေတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ၊ သဘာဝ အခြေခံသော နေထိုင်ခြင်းနည်းစနစ်များ တည်ရှိရာ နေရာလည်းဖြစ်ပါသည်။

ခြိမ်းခြောက်မှုများ

မြန်မာနိုင်ငံရှိတောင်တန်းဒေသများသည်လည်း အခြားသော နိုင်ငံများကဲ့သို့ပင် ခြိမ်းခြောက်မှု မျိုးစုံကို အတားအဆီးမဲ့စွာ ရင်ဆိုင်နေရလျက်ရှိပါသည်။ ၎င်းတို့အနက် စီမံအုပ်ချုပ်မှု အားနည်း ခြင်းကြောင့် ဖြစ်သော တရားမဝင်သစ်ခုတ်မှု၊ ရွှေ့ပြောင်းတောင်ယာနှင့် မြေအသုံးချမှုပြောင်းလဲခြင်းများကြောင့် သစ်တောများပြုန်းတီးလာခြင်း၊ စားကျက်ချခြင်းနှင့် ရေရှည်တည်တံ့မှုမရှိ သော စိုက်ပျိုးနည်းစနစ်များကြောင့် မြေဆီလွှာတိုက်စားခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု အားနည်းသော သတ္တုတူးဖော်ခြင်းများကြောင့် ဇီဝမျိုးစုံမျိုးကွဲတို့ နေထိုင်ရာဒေသများ ပျက်စီးခြင်းနှင့် ရေထုညစ်ညမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အဦများ၊ လမ်းများနှင့် ရေကာတာများ တည်ဆောက်ခြင်းကြောင့် ဂေဟစနစ်ကို အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲ သက်ရောက်မှုများနှင့် ပုံမှန်မဟုတ်သည့် သည်းထန်စွာ မိုးရွာသွန်းမှုများကြောင့် မြေပြိုမှုများဖြစ်ပွားခြင်းနှင့် အဆိုပါ အကျိုးဆက်များကြောင့် ရေရှည် တွင် လယ်ယာကုန်ထုတ်စွမ်းအား ကျဆင်းစေခြင်းတို့ ဖြစ်ပါသည်။

အဆိုပါ ခြိမ်းခြောက်မှုများကို လျော့ပါးစေရန်နှင့် တောင်တန်းများကို စိမ်းလန်းစိုပြည်၍ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပညာရှင်များနှင့် ခေတ်မီဆန်းသစ်သော နည်း စနစ်များ လိုအပ်သကဲ့သို့ အဆိုပါ တောင်တန်း ဒေသများပေါ်တွင် နှစ်ပေါင်းများစွာကတည်းက နေထိုင်ကြသော မူလပိုင်ရှင်များဖြစ်သည့် ဒေသခံ ဌာနေတိုင်းရင်းသားများအား ၎င်းတို့၏ဒေသကို လွတ်လပ်စွာ စီမံအုပ်ချုပ်ခွင့် အပ်နှင်း၍ ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်သာ ရေရှည်တည်တံ့စေနိုင်သည့် အခြေခံအကျဆုံးသော နည်းလမ်းများ ဖြစ်ပါသည်။

နိဂုံး

သို့ဖြစ်ပါ၍ ရေချိုအရင်းအမြစ်များ (Freshwater Resource)၊ အပင်နှင့် မျိုးရိုးဗီဇ အရင်းအမြစ် များ (Genetic resources) ၊ ဇီဝမျိုးစုံမျိုးကွဲ (Biodiversity)၊ သစ်နှင့် ဆေးဘက်ဝင်အပင်များ အပါအဝင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ (Timber, Medicinal and Non-Timber Forest Products)၊ ကျောက်မျက်နှင့် သတ္တုမျိုးစုံ (Precious stones, jewels and various metals) များအပြင် ဒေသခံတိုင်းရင်းသားများ၏ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်နှင့် ဓလေ့ထုံးတမ်းစဉ်လာများ တည်ရှိသော မြန်မာ့တောင်တန်းဒေသများကို ထိန်း သိမ်းနိုင်ကြရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (International Mountain Day-IMD) ကို ဂုဏ်ပြုသောအားဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။

တော်လှန်ရေး အားဖြည့်ပေးသူတစ်ဦး

ကိုးကား-

https://www.un.org/en/observances/mountain-day

https://sdg.iisd.org/…/international-mountain-day-2024/…

https://sdg.iisd.org/sdgs/goal-15-life-on-land/

https://en.wikipedia.org/wiki/Geography_of_Myanmar

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ