အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (ဒီဇင်ဘာလ ၁၁ ရက်)

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့၊ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တောင်တန်းများ နေ့အတွက် ဆောင်ပုဒ်မှာ “အမျိုးသမီးများအင်အားဖြင့် တောင်တန်းများ ကာကွယ်ကြစို့ (Women move mountains)” ဖြစ်ပါသည်။

အမျိုးသမီးများသည် တောင်ကုန်းတောင်တန်းဒေသများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဓိကကဏ္ဍတစ်ခုအနေဖြင့် ပါဝင် နေပါသည်။ အမျိုးသမီးများသည် တောင်ကုန်းတောင်တန်း သဘာဝသယံဇာတများကို အဓိက စီမံခန့်ခွဲသူများ၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်သူများ၊ ရိုးရာဓလေ့အစဉ်အလာများ ကို ထိန်းသိမ်းသူများ၊ ဒေသယဉ်ကျေးမှု စောင့်ရှောက်သူများနှင့် ရိုးရာတိုင်းရင်းဆေး ကျွမ်းကျင်သူများပင် ဖြစ်နေကြပါသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုမြန်ဆန်လာခြင်း၊ တောင်ကုန်းတောင်တန်းဒေသ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုမရှိခြင်းတို့သည် အမျိုးသားများကို အခြား တစ်နေရာရာသို့ ရွှေ့ပြောင်းကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ရန် တွန်းအားဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် အမျိုးသမီးများသည် ယခင်က အမျိုးသားများ လုပ်ကိုင်လေ့ရှိသည့် များစွာသော လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေကြရပြီ ဖြစ်သည်။ သို့သော်လည်း ဆုံးဖြတ်ချက်ချနိုင်မှု နှင့် သဘာဝသယံဇာတများကို မျှတစွာ လက်လှမ်းမမီမှု အခြေအနေများကြောင့် တောင်တန်းဒေသ အမျိုးသမီးများမှာ ယခုအချိန်ထိ အသိအမှတ်ပြုမခံရသေးသူများပင် ဖြစ်နေကြပါသေးသည်။

အထူးသဖြင့် ကျေးလက်ဒေသများရှိ တောင်သူလယ်သမားများ၊ ဈေးသည်များ၊ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများ၊ လက်မှုပညာသည်များ၊ စီးပွားရေးစွန့်ဦးဖန်တီးသူများ၊ ရပ်ရွာဒေသ ခေါင်းဆောင် များ၊ တောင်တန်းဒေသ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပြောင်းလဲခြင်းကို စတင် ဖော်ဆောင်ရန် အဓိက ဖန်တီးသူများ/ကိုယ်စားလှယ်များဖြစ်ရန် အလားအလာ အရှိဆုံးသူများ ဖြစ်ကြသည်။ ကျေးလက်ဒေသ အမျိုးသမီးများသည် သဘာဝသယံဇာတများ၊ ဝန်ဆောင်မှုများနှင့် အခွင့်အလမ်းများအား အပြည့်အဝ လက်လှမ်းမီရရှိလာပါက ထိုအမျိုးသမီးများသည် ဆာလောင် ငတ်မွတ်မှု၊ အာဟာရချို့တဲ့မှု၊ ဒေသဆင်းရဲနွမ်းပါးမှုတို့ကို ဖြေရှင်း ဆောင်ရွက်ရန် ပင်မတွန်းအား ကြီး တစ်ခုဖြစ်လာမည့်အပြင် တောင်တန်းဒေသ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာ တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသများနေ့ကို ဂုဏ်ပြုလျက် ရေးသားတင်ပြလိုက်ရပါသည်။

ကိုးကား- https://www.un.org/en/observances/mountain-day

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ