ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၂၇) ကြိမ်မြောက် အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သဝဏ် လွှာပေးပို့ခဲ့ခြင်:

အီဂျစ်နိုင်ငံ၊ Sharm El-Sheikh မြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၇) ကြိမ်မြောက် အစည်းအဝေး (COP27) သို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ယာယီသမ္မတ၏ သဝဏ်လွှာအား‌ အောက်ပါအတိုင်း အကျဥ်းချုပ် ဖော်ပြအပ်ပါသည်-

အဖွဲ့ဝင်နိုင်ငံများ၏ (၂၇) ကြိမ်မြောက် ယခုနှစ် အစည်းအဝေးသည် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းကို အတည်ပြုခဲ့သည့် နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားလည်းဖြစ်ကြောင်း၊ ဤနှစ် (၃၀) အတွင်း ကမ္ဘာမြေသည် ရာသီဥတု ပြောင်းလဲမှုနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရလျက်ရှိပြီး စိမ်းလန်းသာယာသည့် အနာဂတ်ကို တည်ဆောက်ရန်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ တာဝန်ဖြစ်ပြီး လက်တွဲလုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊

မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ် ပျက်စီးမှုများကို ကာကွယ်ထိန်းချုပ်နိုင်စွမ်း အကန့်အသတ်သာ ရှိသည့်အတွက် သဘာဝသယံဇာတများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အမြင့်မားဆုံး နိုင်ငံများထဲတွင် ပါဝင်နေပါကြောင်း၊

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီ၏ အဓမ္မအာဏာသိမ်းယူခဲ့သည့် အချိန်မှ  စပြီး တရားဥပဒေစိုးမိုးမှု မရှိသည့်အတွက် သဘာဝသယံဇာတများအား လက်လွတ်စပယ် ထုတ်ယူသုံးစွဲမှုမှာ အလွန်များပြားလာပြီး သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ရကြောင်း၊

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် UNFCCC ကွန်ဗင်းရှင်းသို့ တင်ပြခဲ့သော “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions – NDC)” ကို အကောင်အထည် ဖော်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး လုပ်ငန်းစဉ်များ၊ သဘာဝ သယံဇာတများ စနစ်တကျထုတ်ယူအသုံးပြုရေးနှင့် ဒေသခံများ ပူးပေါင်းပါဝင်သည့် ကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းညှိနှိုင်း လုပ်ဆောင်လျက်ရှိပါကြောင်း၊

မြန်မာပြည်သူများသည် စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်သည့် ဥပဒေမဲ့လုပ်ဆောင် မှုဒဏ်ကို ဆိုးဆိုးဝါးဝါး တွေ့ကြုံခံစားနေကြရသော်လည်း နယ်မြေစိုးမိုးမှုရရှိထားသည့် ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကူညီပံ့ပိုးမှုများနှင့်အတူ ဒေသ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုသာမက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် လုပ်ဆောင်လျက်ရှိပါကြောင်း၊

ရာသီဥတုပြောင်းလဲမှုကြောင့်သာမက ကိုဗစ် – ၁၉ ကပ်ရောဂါ၏ နှိပ်စက်မှုနှင့် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်အခြေအနေသည် ပိုမိုဆိုးဝါးလာပြီး ရာသီဥတုဆိုင်ရာပြဿနာများစွာနှင့် အတူ ယခုအခါ စီးပွားရေးဆုတ်ကပ်ဆိုက်ကာ ပြည်သူသန်းပေါင်းများစွာသည် ဆင်းရဲတွင်းထဲသို့ တွန်းချခံနေရသည့်အပြင် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း မအောင်မြင်ဘဲ ကျဆုံးလျက်ရှိနေပါကြောင်း၊

ပြည်သူကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရအား နည်းပညာနှင့် ငွေကြေး အထောက်အပံ့အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် အသိအမှတ်ပြု ထောက်ပံ့ပေးခြင်းကသာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာပြည်သူလူထု၏ အခွင့်အရေးအား မြှင့်တင်ပေးနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံသည် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် မြန်မာပြည်သူများအား ဦးဆောင်ကာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် လိုက်လျောညီထွေ ရှိစေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ