ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆ /၂၀၂၃) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်က ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့၏ (၆ /၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ  (၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်

  • ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အတွင်းဝန်များနှင့် ရုံးအဖွဲ့သားများ အပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊
  • လက်ရှိအခြေအနေအရ အထူးသယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များအနေဖြင့် မြေပြင်တွင် သယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းများကို လက်တွေ့ကျကျ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာနိုင်တာတွေ့ရတဲ့ အတွက် အားရမိပါကြောင်း၊
  • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုကဏ္ဍအနေဖြင့် ဒေသခံများ၏ သတ္တုတူးဖော်မှုများအတွက် တော်လှန်ရေးကာလနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် မူဝါဒများကို ချမှတ်ပြီး ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နေရသကဲ့သို့ တဖက်တွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအနေဖြင့် အလေးထားဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များ ကို ကြားကာလနှင့် လျော်ညီစေမည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ပြီး တိုက်တွန်းလုပ်ဆောင်နေရတာကိုလည်း တွေ့ရှိရပါကြောင်း၊
  • ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အဖွဲဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် ညီလာခံအစည်းအဝေး၏ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပိုသည့် သဝဏ်လွှာကို တော်လှန်ရေးကာလ သုံးနှစ်ဆက်တိုက် ပေးပို့နိုင်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးခဲ့ကြတဲ့ ဝန်ကြီးဌာနရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍမှ တာဝန် ရှိသူများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း၊
  • ယခုအခါ စစ်ကောင်စီကို အရှိုက်ထိစေမည့် လေယာဉ်ဆီလမ်းကြောင်း ဖြတ်တောက်ရေးနည်းလမ်း များကိုလည်း ရှာဖွေဖော်ထုတ် ကြိုးစားပေးခဲ့ကြတဲ့အတွက်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊
  • မိမိတို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်လာတာ ၂ နှစ် တာကာလအတွင်း အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြလို့ အောင်မြင်မှုများ ရရှိခဲ့သလို ကြုံတွေ့ လာရတဲ့စိန်ခေါ်မှု အများအပြားကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါကြောင်း၊
  • အဆိုပါ စိန်ခေါ်မှုတွေကို အားလုံးစုပေါင်း ဝိုင်းဝန်းဖြေရှင်းခဲ့ကြပြီး လက်ရှိတွင် အောင်မြင်မှုများ ရရှိ နေသလို တချို့မြို့နယ်တွေမှာ သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းတွေကို နည်းမှန်လမ်းမှန် ဆောင်ရွက် နိုင်ဖို့ရာ အဆိုပါမြို့နယ်များကို ခေါ်ယူတွေ့ဆုံပြီး လိုအပ်ချက်များ ဆွေးနွေးပေးကာ စုပေါင်းညှိနှိုင်း ဖြေရှင်းအဖြေရှာကြရန်အတွက် တိုက်တိုက်တွန်းတွန်း ဆောင်ရွက်ကြဖို့ကိုလည်း ပြောကြားလိုပါ ကြောင်း၊ သို့မှသာ NUG ၏ ယန္တရားကို လည်ပတ်ရာမှာ မြို့နယ်များအနေနှင့် အဆင်ပြေပြေ လိုက်ပါ လည်ပတ်နိုင်မှာဖြစ်ပြီး၊ မိမိတို့ အုပ်ချုပ်ရေးယန္တရား အရှိန်အဟုန်နဲ့ တိုးချဲ့ဖော်ဆောင် လာနိုင်တာနှင့် အမျှ မိမိတို့ လုပ်ဆောင်နိုင်စွမ်းကို  နိုင်ငံတကာက အသိအမှတ်ပြုလာမှာ ဖြစ်ပါကြောင်း၊
  • နိဂုံးချုပ်အနေဖြင့် သိမ်းထားပြီးမြို့တွေမှာ အုပ်ချုပ်ရေးစနစ်ကျဖို့ အရေးကြီးတာကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနှင့် မိမိတို့ဌာနနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းလိုအပ်ချက်ကွက်လပ်များကို အမြန်ဆုံး ဖြည့်ဆည်းပေးကြဖို့ မြို့နယ်တွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေးတိုင်ပင်ကြရန်နှင့် စဉ်ဆက်မပြတ် ကြီးကြပ်၍ အတူတကွ ကြိုးစားသွားကြရန် အထူးအလေးထား တိုက်တွန်းလိုကြောင်းနဲ့ ရောင်နီကို အားလုံးမြင်နေရပြီဖြစ်တာကြောင့် တော်လှန်ရေး အောင်မြင်ခါနီးအချိန်တွင် မိမိတို့အားလုံး ယခင် ထက် ပိုမိုကြိုးစားကာ အစွမ်းကုန် အားထုတ်ကြပါစို့” ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်း စဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး က တင်ပြခဲ့ပါသည်။

သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

 ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ