ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့နှင့် (၁၃) ရက် နေ့တို့တွင် Zoom Meeting ဖြင့် ကျင်းပခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်

–   မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ သယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းတွေ စနစ်ကျအား ကောင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သယံဇာတကိစ္စရပ်များ၏ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများကို သေသေချာချာ သိရှိထားဖို့ အရေးကြီးကြောင်း၊

–   သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များနှင့် ပုံမှန်ထိတွေ့ပြီး မြို့နယ်များ၏ လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းပေးကာ လိုအပ်တဲ့ မူဘောင်တွေကို လိုက်နာစေပြီး အပြန်အလှန်ထိန်းကျောင်းသည့် စနစ်ဖြင့် သွားကြရမှာ ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့သယံဇာတလုပ်ငန်းတွေ ဟန်ချက်ညီညီဖြင့် စနစ်ကျကာ ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း၊

–   သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလက်တွဲကာ ကြပ်မတ်ဆောင်ရွက် သွားကြဖို့ အထူးလိုအပ်ကြောင်း ပြောကြားကာ နိဂုံးချုပ်အနေဖြင့် တော်လှန်ရေး အောင်မြင်ပြီး ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်သည်အထိ မဆုတ်မနစ် သော ဇွဲလုံ့လတို့ဖြင့် အတူလက်တွဲ ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်း စဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပြီး ကြားကာလသယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းအခြေ အနေများကို အတွင်းရေးမှူးရုံးအဖွဲ့မှ တင်ပြခဲ့သည်။

တင်ပြချက်များနှင့်စပ်လျဥ်း၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေး နွေး အကြံပြုခဲ့ကြပြီး ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်။

အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေး ရပ်နားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ